Pages

Tuesday, August 13, 2013

နော်ေ၀၀န်ကြီးချုပ်က တက္ကစီသမားယောင်ဆောင်၍ ပြည်သူများ၏လိုအင်ဆန္ဒကိုစုံစမ်းခဲ့

နော်ေ၀၀န်ကြီးချုပ် Jens Stolten berg သည် မွန်းလွဲပိုင်းတစ်ခုတွင် တက္ကစီမောင်းသမားအယောင် ဆောင်၍ မဲဆန္ဒရှင်များ၏ လိုအင်ဆန္ဒများကိုရှာဖွေရန် ကြိုးစားခဲ့ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်ဟု သြဂုတ် ၁၂ ရက်က အေအက်ဖ်ပီသတင်းဌာနမှ ဖော်ပြထားသည်။

“လူတွေဟာ ဘာတွေကို တကယ်တွေးနေသလဲဆိုတာကို ကြားရဖို့ကျွန်တော့်အတွက် တကယ်အရေးကြီး ပါတယ်။ တကယ်လို့ လူတွေဟာ သူတို့ရဲ့အတွေးတွေကို ထုတ်ဖော်ပြောဆိုတဲ့ နေရာတစ်နေရာရှိမယ်ဆို ရင် အဲဒီ့နေရာဟာ တက္ကစီပေါ်မှာပဲဖြစ်ပါတယ်” ဟု ဖေ့စ်ဘွတ် (Facebook)၊ တွစ်တာ (Twitter) နှင့် ယူ ကျု (YouTube) တို့တွင် ဖော်ပြထားသည့် ဗွီဒီယိုထဲတွင် ၀န်ကြီးချုပ်ကပြောပြခဲ့သည်။
စက်တင်ဘာလ ၉ ရက်တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးမှုများ အရှိန် မြင့်လာစဉ်တွင် ထိုဗွီဒီယိုထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။ နောက်ဆုံးကောက်ယူထားသည့် လူထုသဘော ထားစစ်တမ်းအရ ထိုရွေးကောက်ပွဲတွင် Jens Stoltenberg ဦးဆောင်သည့် လက်ရှိအာဏာရ လက်ဝဲ ညွန့်ပေါင်းအစိုးရအဖွဲ့မှာ ရှုံးနိမ့်နိုင်ခြေရှိနေသည်ဟု သိရသည်။

နော်ဝေနိုင်ငံ၏မြို့တော် အော်စလို (Oslo) တွင် ဇွန်လအတွင်းက မွန်းလွဲပိုင်းတစ်ခု၌ ၀န်ကြီးချုပ် Jens Stoltenberg သည် အော်စလိုမြို့တက္ကစီသမား ယူနီဖောင်းကိုဝတ်ဆင်၍ လိုအပ်သည့် ရင်ထိုးတံဆိပ်များ လည်းတပ်ဆင်ကာ တက္ကစီသမားယောင်ဆောင်၍ မာစီဒီးအနက်ရောင် တက္ကစီဖြင့်ခရီးသည်များကို လိုက် လံပို့ဆောင်ပေးခဲ့သည်။

ထိုကဲ့သို့ လိုက်လံပို့ဆောင်ပေးစဉ်အတွင်း ခရီးသည်များ၏ တုံ့ပြန်မှုကို တက္ကစီထဲတွင် လျှို့ဝှက်တပ်ဆင် ထားသည့် ကင်မရာဖြင့် မှတ်တမ်းတင်ရိုက်ကူးထားခဲ့သည်။ ခရီးသည်တစ်ဦးက Stoltenberg အား “ဒီ ရှုထောင့်ကကြည့်ရင် သူက၀န်ကြီးချုပ်နဲ့ တော်တော်ကိုတူတာပဲ” ဟု မှတ်ချက်ချခဲ့သည်ကို ဗွီဒီယိုထဲတွင် တွေ့ရသည်။

တက္ကစီထဲတွင် Stoltenberg ကိုမှတ်မိသည့် အမျိုးသမီးကြီးတစ်ဦးကလည်း၊ ကော်ပိုရေးရှင်းများ၏ ထိပ် တန်းခေါင်းဆောင်များအနေဖြင့် သန်းနှင့်ချီကာ ၀င်ငွေမရရှိသင့်ကြောင်း ပြောခဲ့ပြီး၊ ၄င်းတို့၏ လစာများ နှင့်ပတ်သက်၍ တစ်စုံတစ်ရာ ပြုလုပ်ရန် ၀န်ကြီးချုပ်ကို တိုက်တွန်းခဲ့သည်။

တက္ကစီမောင်းသူမှာ ၀န်ကြီးချုပ်ဖြစ်ကြောင်း ခရီးသည်တစ်ဦးက သိရှိသွားခဲ့ပြီးနောက် Stoltenberg က သူ ကားမမောင်းခဲ့သည်မှာ ရှစ်နှစ်ခန့်ရှိပြီဖြစ်ကြောင်းဝန်ခံခဲ့သည်။

အကယ်၍ ၀န်ကြီးချုပ်အနေဖြင့် ရွေးကောက်ပွဲတွင် ရှုံးနိမ့်သွားခဲ့ပါက တက္ကစီမောင်းသမားလုပ်မည်လား ဟု Verdens Gang သတင်းစာကမေးမြန်းခဲ့ရာ၊ ၀န်ကြီးချုပ်က “ကျွန်တော်တက္ကစီမောင်းသမားမဖြစ်ဘဲ ၀န်ကြီးချုပ်ဖြစ်တာက နိုင်ငံအတွက်ရော၊ တက္ကစီခရီးသည်တွေအတွက်ပါ ပိုကောင်းလိမ့်မယ်လို့ကျွန်တော်ထင်ပါတယ်” ဟုဆိုခဲ့သည်။

ထိုနေ့က တက္ကစီခရီးသည်များအနေဖြင့် ၀န်ကြီးချုပ်ကို တက္ကစီခမပေးခဲ့ရဟု ထိုသတင်းစာကဆိုသည်။

by mizzima

No comments:

Post a Comment

ဝေဖန်အကြံပေးသွားကြပါဦးနော်